ဘ၀မှာ တခါတခါ သူငယ်တန်းကလေးငယ်တစ်ဦးရဲ့ ဗလာပဲရှိတဲ့ သတ္တိမျိုးလည်း လိုတယ်။ ................ ရင့်ကျက်မှုတိုင်းမှာ ဒဏ်ရာတွေပါတယ်။ ချိုမြိန်တယ်လို့ အမြင်ပြောင်းလိုက်ပါ။ ............ "လူတွေဟာ အကြောင်းကြောင်းကြောင့် မဖြစ်နိုင်တော့တဲ့ ကိုယ့်မျှော်လင့်ချက် အတွက် စိတ်ဆင်းရဲတတ်ကြတယ်။ အမှန်တော့ အဲတာလည်း 'အ' တာပဲ။" ................."အသက်ကြီးလာလေ ဘ၀မှာ နေတတ်လာလေဖြစ်ရမယ်။" .............."တတ်ဖို့ခက်တဲ့အရွယ်မှာ အများကြီးလေ့လာခဲ့ပြီးတော့ တတ်ဖို့လွယ်တဲ့အရွယ်ကြတော့မလေ့လာတော့ လူတွေ ငတုံးဖြစ်ကုန်ကြတယ်။"............"နိုင်ငံသားတစ်ယောက်လို့ မခံယူပါနဲ့ ကမ္ဘာသားတစ်ယောက်လို့ ခံယူပါ သင့်မှာ လွတ်လပ်မှုရော မိတ်ဆွေတွေပါ တိုးလာပါလိမ့်မယ်။" ............

Wednesday, October 21, 2009

တို့တောင်ပေါ်ကို ဖိတ်ခေါ်ပါတယ် .................


တောင်ပေါ်လေနံ့ မရတော့သည်မှာလည်းကြာပြီ။ တောင်ပေါ်လေငွေ့ မထိတွေ့ရသည်လည်းကြာပြီ။ တောင်ကြောတစ်လျှောက် ရစ်သိုင်းဖွဲ့တည်နေတတ်သော တိမ်စိုင်တို့ကို တမေ့တမော မကြည့်ရသည်လည်းကြာပြီ။ တောထူထူ တောင်မြင့်မြင့်ကို တွေ့တိုင်း လွမ်းမော တသသော စိတ်ပေါ်သည်မှာ ကျွန်တော်တို့သည် တချိန်ချိန်က တောင်ပေါ်မှာနေ တောင်ပေါ်မှာကြီးသည့် မျောက်ကြီးများမှ များ ဆင်းသက် ခဲ့လေသလား။ ဘာကို လွမ်းမှန်းမသိပဲ လွမ်းလွမ်းတတ်သည်ကတော့ သေချာသည် ............


"နောင် ဗေ ... နောင်.. နောင် ဗေ... နောင်" ကိုလည်း စိတ်ထဲပဲ ရွတ်ရွတ်ပြီး လက်ကလေးတစ်ကြွကြွ နှင့် သံစဉ်မှာ မြောပြီး စိတ်ခေါ်ရာ တစ်ခါ တစ်ခါ လိုက်သွားမိသည်လည်းရှိသည်။ တနယ် တမြေမှာ သျှမ်းအိုး စည်သံကို ကြားရဦးမည်။


စင်ကာပူ နိုင်ငံမှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက် နေ့၊ သျှမ်းလူငယ်များ မိမိတို့၏ ကာယအား၊ ဉာဏအားဖြင့် အမိမြေကို တစ်ဖက် တစ်လမ်းမှ အလုပ်အကျွေးပြုမည့်ပွဲ။

စုဝေးကြ၊ တိုင်ပင်ကြရင်း၊ တစ်ယောက်အားဖြင့် မစွမ်းသည်ကို စုပေါင်းသော အင်းအားဖြင့် ကူညီဖေးမ ပေးကြမည့် အစီအစဉ်။

ယခု သျှမ်းနှစ်သစ်ကူးပွဲတော်မှ ရသည့် ရံပုံငွေသည် ....
(၁) တောင်ပေါ်မြေမှ ဆင်းရဲကြရှာသော တိုင်းရင်းသား ကလေးသူငယ်များအတွက် စာအုပ်ဖိုး၊ ခဲတံဖိုး၊

(၂) တောင်ပေါ်နေ အမယ်အို၊ အဖိုးအိုတို့အတွက် အနွေးထည်များ၊

ဖြစ်လာကြမည်။

(၃) တောင်ပေါ်မြေမှ သာသနိက အဆောက်အဦး ပြုပြင် မွမ်းမံရေးလုပ်ငန်းများ၊
(၄) မြန်မာ တိုင်းရင်သားတို့၏ မြတ်နိုးဖွယ် ရိုးရာအမွေအနှစ် ထိမ်းသိမ်းရေးလုပ်ငန်းများ
တွင် ပါဝင်လှူဒါန်မည်ဖြစ်သည်။


ထို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား သျှမ်းလူငယ်၊ လုံမငယ်များ၏ ထက်သန်သောစေတနာ၊ ခက်ခဲသော အချိန်ကို ဖဲ့ပေးကာ ပေးဆပ်တတ်သော သူတို့၏ အနစ်နာခံမှုလေးများကို ဖေးကူးသောလက်ဖြင့် ကမ်းပါ၊ ကူးပါ။ အားပေးကြပါဟု ....
သင်ဝယ်ယူသော လက်မှတ်ဖိုးငွေ၏ အစိတ်အပိုင်းအတော်များများသည် ....
သျှမ်းနှစ်သစ် ၂၁၀၄ အတွင်း ...
သျှမ်းတောင်ပေါ်ကျေးရွာလေးတစ်ရွာမှ ၅ နှစ်သားအရွယ် စိုင်းလုံ အတွက် ရေးစရာ ခဲတံတစ်ချောင်း ဖြစ်လာပါမည်။ သူပျော်ရွှင်စွာ ၀လုံး အရေးကျင့်ပေမည် .............

အနွေးထည် ခပ်နွမ်းနွမ်းကို အားကိုးပြီး နှင်းထုထဲ တိုးကာ ပညာရှာနေရှာသည့် နန်းနွဲ့ အမည်ရှိ ၈ နှစ်အရွယ် ကလေးမလေးတစ်ဦးအတွက် သင်ရိုးစားအုပ် တစ်အုပ်ဖြစ်လာပါမည်။ သူ့အသံဝဲ၀ဲလေးဖြင့် မသဲမကွဲ စာရွတ်သံကို နှင်းတောထဲမှ တိုးတိုးဖွဖွ ကြားရချေဦးမည် ........

အအေးမိ၍ နှာရည်အယို လွှတ်သွားရှာသော သျှမ်းအဖွားကြီး ပခမ်း၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်သည့် "သာဓု သာဓု သာဓု" ကို ကြားရဦးမည် ....

ချောင်းဆိုးသံ တဟွတ်ဟွတ်ကို အနွေးထည်ထူထူဖြင့် ကာကွယ်လိုက်ရင်း ရင်တွင်းမှ ကျလာသည့် ကျေးဇူးတင်စကားကို စိတ်နားဖြင့်ပင်နားထောင်ကြည့်ပါ ..........................



ချစ်သော စာရှုသူခင်ဗျာ ... "သင့်လက်သည်လည်း ပန်းများကို ဖူးပွင့်စေနိုင်ပါသည်" .................. စင်ကာပူမှာ နိုဝင်ဘာ ၁၄ မှာ ကျင်းမမည့် သျှမ်း နှစ်သစ်ကူး ပွဲတော်အတွက် လက်မှတ်ဝယ်ပါလို့ တိုက်တွန်းလိုက်ပါသည်။


(၁) နာမည်ကျော် အဆိုတော် စိုင်းဆိုင်မောဝ် ၏ လွမ်းမောဖွယ် သျှမ်းသဲဝဲ၀ဲ သျှမ်းသီချင်းများ

(၂) နာမည်ကြီး အဆိုတော် ကချင်မလေး Lဆိုင်းဇီ ၏ ပညာပါပါ ဆိုပုံလေးများ

(၃) သျှမ်းပျိုဖြူများ၏ ရိုးရာအကများ၊ သျှမ်းလူငယ်များ၏ အဆို ဖြင့်

(၄) သျှမ်း အစားအသောက်များကို တစ်ဝကြီး စားသုံးရင်း


လက်မှတ်မှာလိုပါက ကျွန်တော့်ကို ဆက်သွယ်နိုင်ပါသည်။ ၉၄၅၆၅၃၈၁ ........ ချစ်ချင်းအားဖြင့် မနောက်ရ :D


ထပ်ပြောလိုပါသည် "သင့်လက်မှတ်ဖိုးထဲမှ ရာခိုင်နှုန်းအတော်များများသည် ကူညီမှုများ၊ လှူဒါန်းမှုများအတွက် ဖြစ်ပါသည်" ..... "သင့်လက်ဖြင့်လည်း ပန်းများကို ဖူးပွင့်ပါစေ"

Saturday, October 17, 2009

၂၁၀၄ သျှမ်းနှစ်သစ်ကူးပွဲတော်




ကျွန်တော်နှင့် တောတွင်းကာလများ (၈)

ကျွန်တော်တို့မြို့လေး၏ တောင်ဘက်တွင် ပေ ၅၀ ခန့်ကျယ်သော ဗန်းမောက်ချောင်က အနောက်မှ အရှေ့သို့ စီးဆင်းနေပါသည်။ နွေရာသီတွင် ရေအလွန်နည်းပြီး မိုးရာသီ မိုးရွာပြီးချိန်တွင် ရေအတော်ကြီးသည်။ ရေစီးကြမ်းသည်။ တောင်ကျချောင်းလိုဖြစ်နေသည်။ တောင်ကျ ရေနီများက အလိပ်လိုက် အလိပ်လိုက် ချောင်းငယ်ထဲ စီးနေသည်။ ချောင်းရေပြင်ကလည်း ကျယ်လာသည်။ ပေ ၂၀၀ လောက်ဖြစ်လာသည်။ မိုးရွာပြီး ရေတက်စဆိုလျှင် လှိုင်လုံးများကလည်း အလိပ်လိုက် ထလာသည်။ အသံများက တ၀ုန်းဝုန်း။ ရင်ခုန်စရာကောင်းသည်။ ငယ်ငယ်က ထိုလှိုင်းလုံးများကို လိုက်စီးရသည်မှာ ပျော်စရာ။ ချောင်းကြမ်းခင်း တစ်ချို့နေရာများတွင် ကျောက်ဖျာများပေါ်နေသည့် အတွက် လှိုင်းစီးရင်း ကျောနင့်ပွတ်မိ၊ ပေါင်နှင့်ပွတ်မိ ဖြစ်သည်။ ပူခနဲ့။ ထူခနဲ့။ နောက်မှ အရေပြားပွန်းနေတာကို စစ်ကြည့်ရသည်။ နာတာမနာတာ သိပ်သတိမထားမိ။ လှိုင်းစီးကောင်းသည် ကိုသာ သတိထားမိသည်။ ရေကူးတတ်စ ဖြစ်သောကြောင့် တစ်ခါတစ်ခါ ပါးစပ်ထဲ ရေအလုံးလိုက် ၀င်ပြီး မွန်းသွားသည်လည်းရှိသည်။ ရေ၀ဲများအောင် အသက်ရှူမွန်းကြပ်လောက်အောက် ပါသွားသည်လည်းရှိသည်။ ရေချိုးပြီးကြပြီဆိုလျှင် မျက်လုံးများလည်း ရဲရဲနီလျက်။ ကလေးဘ၀၊ တောနေကလေးဘ၀၊ ရုပ်ဝတ္ထုပစ္စည်းများမလို။ ရှိရာပတ်ဝန်းကျင်တွင် ပျော်စရာဖန်တီးပြီး သည်လိုပဲကြီးခဲ့ကြသည်။
စိတ်ရှိလက်ရှိ ပြေစရာလွှားစရာ မြေပြင်ကျယ်ကျယ်ရှိသည်။ လတ်လတ်ဆတ်ဆတ် ရှူစရာ လေသန့်သန့်ရှိသည်။ အားကစားဆိုတာ အထူးတလည်မလို။ အိမ်တွင် ကုပ်ကုပ် အရုပ်လေးတစ်ရုပ်ဖြင့် ချောင်ကုပ်နေရန်မလို။ အန္တရာယ်ကို အန္တရာယ်လို လက်တွေ့နားလည်ခွင့်လည်းရသည်။ ပြေးရင်လွှားရင်း စူးမိသော ဆူးအချောင်းပေါင်းလည်း မရေနိုင်။ လိုက်ရင်း ဆော့ရင်း ခြေချော် ဒူးပြဲသော အကြိမ်းအရေ အတွက်လည်း မနည်းပေ။ ချွေးတဒီးဒီး ဆိုသောစကားကို စာတွေ့မဟုတ် လက်တွေ့လုပ်ပြီး နားလည်ခဲ့သူတွေ။ တောသားဆိုတာ သည်လို ဆိုတာကို ဂုဏ်ယူတတ်သူတွေ။ ပင်ပန်းသလားဆိုတော့။ ဒါ ကစားတာလေ။ ပျော်နေတာလေ။
ချောင်ရေကြီးချိန်တွင် ကျွန်တော်တို့ မြို့အခေါ် "တောင်ပိုင်း" မှ လူများ မြို့သို့ရောက်အောင် မလာနိုင်တော့။ ချောင်းရေ ကျအောင်စောင့်ရသည်။ ကျွန်တော်တို့ မြို့နယ်သည် အတော်ကျယ်သည်။ ထို့ကြောင့် တောင်ပိုင်း၊ အနောက်ဖက်၊ မြောက်ပိုင်း ဆိုပြီး အပိုင်းခွဲထားတာရှိသည်။ ရှမ်းစကားပြောကြတာချင်းပင် လေယူလေသိမ်း နည်းနည်းကွဲသည်။ အနောက်ဖက်ရှမ်းနှင့် မြောက်ဖက်ရှမ်းများ စကားပြောသည်က ပေါ့ပေါ့လေးနှင့် မြန်သည်။ ကျွန်တော်တို့မြို့ပေါ်နှင့် တောင်ပိုင်းပြောသည်က နည်းနည်းနှေးသည်။ ရေကို မြောက်ပိုင်းနှင့် အနောက်ဖက်က "နမ့်" ဟူ အသံထွက်သည်။ တောင်ပိုင်းနှင့် မြို့ပေါ်ကျတော့ "ဒမ်" ဟူသော အသံလို ဖြစ်နေသည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့မြို့နယ်တွင် "မန်စီ" ဆိုသော ရွာရှိသည်။ တစ်ချိန်က မြို့ဟုပင်ခေါ်နိုင်လောက်အောင် ကြီးသောရွာဖြစ်သည်။ ပင်လုံ ဟူသော ရွာလည်း ရှိသည်။ ထိုနာမည် သိစက "ပင်လုံ" စာချုပ်ကို သွားသတိရမိသေးသည်။ ကျွန်တော်တို့ မြို့နယ်တွင်း၌ "မန်" နှင့်စသော ရွာတော်တော်များသည်။ မန်ပင်၊ မန်ကပ်၊ မန်စီ၊ မန်ဝိန်း စသည်ဖြင့်။

Tuesday, September 8, 2009

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ

(၉) ဘာ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဘုရားပရ၀ုဏ်အတွင်းမှာ ထူးဆန်းတဲ့အရာတွေ လုပ်နေကြတာလဲ?

နားလည်း သဘောပေါက်မှုလွှဲမှားခြင်းမှ စတင်သည်ဟု ဆိုရပါမည်။ လူတို့သည် မိမိတို့ နားလည်သဘောမပေါက်နိုင်သောအရာများအား ထူးဆန်းသည်ဟု ထင်မြင်မှတ်ယူကြသည်။ ဤကဲ့သို့သော ထင်မြင်နေမှုကို သည်အတိုင်းထားလိုက်ခြင်းထက် ထိုအရာတို့၏ အနက်အဓိပ္ပာယ်ကို ရှာဖွေစူးစမ်းသင့်ပေသည်။ ဗုဒ္ဓသင်ကြားဆုံးမခဲ့သည်များကို နားလည်မှုလွှဲမှားခြင်း၊ အယူသည်းလွန်းခြင်းတို့မှ အစပြုကာ ဗုဒ္ဓဘာသာဝင်တို့ ကိုယ်တိုင်ပင် ထိုကဲ့သို့သော ထူဆန်းမှုများကို လုပ်လာခဲ့ကြပေသည်။ ထို့ကြောင့် ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုအမှန်နောက် မလိုက်ဘဲ လမ်းလွှဲလာကြသည်များရှိပေမည်။ ထိုကဲ့သို့သော နားလည်မှုလွှဲမှားခြင်းကို ဗုဒ္ဓဘာသာ၌သာ တွေ့ရသည် မဟုတ်။ ဘာသာတိုင်း၌ပင် အချိန်ကြာလ ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အယူအဆများ နားလည်မှုများ လွှဲမှားလာခဲ့ကြသည်ကို တွေ့ရပေသည်။ သွန်သင်ဆုံးမခဲ့မှုများအား လုံးဝဥဿုံ နားလည်းသဘောပေါက်ခြင်း မရှိနိုင်သူတို့ကိုလည်း အပြစ်တင်နေ၍ မဖြစ်ပေ။ ရင့်ကျက်ချိန်တန်မှ ရင့်ကျက်သည်မှာ သဘာဝဖြစ်သည်။ ဗုဒ္ဓ၏ သင်ကြားပို့ချမှုများတွင် တိကျသော၊ ရှင်းလင်းသော၊ အသေးစိတ်နိုင်သော သွန်သင်ပြောပြမှုများ ပါဝင်ကြောင်းကို အသေအချာ လေ့လာလိုက်စားသူတိုင်း သိကြသည်။ ဗုဒ္ဓ၏ ဟောကြားချက် တစ်ခုရှိပါသည်။

"လူတစ်ဦးသည် ရောဂါဝေဒနာ ခံစားနေရချိန်၌ သမားတော်ရှိပါလျက် ဆေးကုသရန် အားထုတ်မှု မပြုဘဲသေဆုံးခဲ့သည် ရှိသော် ဤသည်မှာ သမားတော်၏ အပြစ်မဟုတ်။ ထိုနည်းတူပင် လောဘ၊ဒေါသ၊ မောဟ တို့၏ ဖိစီးနှိပ်စက်မှုကို ခံနေရသော သတ္တ၀ါတို့သည်လည်း ဗုဒ္ဓ၏ သင်ကြားဆုံးမမှုများရှိပါလျက် ဗုဒ္ဓ၏ ကူညီသင်ကြားရှင်းပြမှုကို မနာယူ မကျင့်ကြံခြင်းမှာ ဗုဒ္ဓ၏ အပြစ်မဟုတ်ပေ။"


ဗုဒ္ဓဘာသာဝင်များသာ မဟုတ်ပေ အခြားဘာသာဝင်များသည်လည်း ဆိုင်ရာအကိုးကွယ်ခံ ပုဂ္ဂိုလ်တို့၏ သွန်သင် ဆုံးမမှုများကို ပြည့်ဝစွာ နားလည် သဘောပေါက်အောင် အလေ့အကျင့်လုပ်သူ အားထုတ်သူ နည်းပေသည်။ ဗုဒ္ဓ၏ သင်ကြားပြသမှု အစစ်အမှန်များကို နားလည် သဘောပေါက်လိုပါက ဗုဒ္ဓ၏ ဟောကြားချက်များကို ဖတ်ပါ၊ တိတိပပ နားလည်သူတို့ထံ ချဉ်းကပ်မေးမြန်း ဆွေးနွေးပါ၊ ကျင့်ကြံ အားထုတ်ကြည့်ပါ ဟု တိုက်တွန်းလိုပါသည်။
ဗုဒ္ဓသည် သင့်အား နိဗ္ဗာန်သို့ ရောက်စေဟု တန်ခိုးတော်ဖြင့် ဖန်တီးပေးမည့် တန်ခိုးရှင်မဟုတ်။ သိစရာဟူသမျှကို သင်ကြားပြသသူမရှိဘဲ ကိုယ်တိုင် ကျင့်ကြံပြီး သိခဲ့သူဖြစ်သည်။ သူသိသည့် အမှန်တရားများကို သတ္တ၀ါများ ချမ်းသာမှုရစေရန်ရည်ရွယ်၍ သွန်သင်ဆုံးမ ပြောပြခဲ့သူဖြစ်သည်။